Wednesday, September 26, 2012

အနောက်နိုင်ငံ ကျောင်းသားဗီဇာ ယခင်ထက် မြန်ဆန်စွာရနေ

အနောက်နိုင်ငံအချို့သို့ ကျောင်းတက်ရန် ဗီဇာလျှောက်ထားကြသည့် မြန်မာကျောင်းသားများအနေဖြင့် ယခုစက်တင်ဘာလအတွင်း၌ ဗီဇာရရှိမှုနှုန်းမှာ ပိုမိုမြန်ဆန်လာ သည့်အပြင် အငြင်းခံရမှုများပါ လျော့နည်းလာကြောင်း အနောက်နိုင်ငံသံရုံးများနှင့် နီးစပ်သည့် ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
”အခု ၁ဝဝ ရာခိုင်နှုန်းနီးနီးလောက် အစ်ကိုတို့အေဂျင်စီက အင်္ဂလန်ကျောင်းသား ဗီဇာလျှောက်တာ အကုန်ရတယ်။ သတ်မှတ်ထားတဲ့ ရက်အထိရောက်အောင် မစောင့် လိုက်ရဘူး။ နောက်တခြား အေဂျင်စီတွေလည်း ဒီအတိုင်းပဲလို့ကြားနေရတယ်”ဟု အင်္ဂလန်ပညာရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယခင်က အနောက်နိုင်ငံများသို့ ကျောင်းတက်လိုပါက ဗီဇာလျှောက်ထားကြသည့်အခါ လွယ်ကူမှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကျောင်းသားအချို့က ဘဏ်စာရင်းပြ ကြသည့်အခါ မသမာမှုများပြုခဲ့မှု အချို့ရှိခဲ့ခြင်းကြောင့် ကြန့်ကြာမှုများအပါအဝင် ပိုမိုစစ်ဆေးခဲ့သည့် ဖြစ်ရပ်များရှိခဲ့ကြောင်း ဗီဇာလျှောက်ထားသူ မြန်မာကျောင်းသား အချို့ထံမှသိရသည်။
”ဒါက အရင်ကျောင်းသားတွေက လုပ်ပြသွားလို့ နောက်လူတွေ ခံကြရတဲ့သဘောပါပဲ။ မှန်မှန်ကန်ကန်လုပ်မယ်။ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လိုအပ်ချက်တွေအတိုင်း ဆောင်ရွက်မယ်ဆိုရင်တော့ ဗီဇာရရှိဖို့က မခက်ခဲပါဘူး” ဟု မကြာမီရက်ပိုင်းအတွင်းက ကျောင်းသား ဗီဇာရရှိခဲ့သည့် မြန်မာကျောင်းသားတစ်ဦးက ပြောသည်။
သို့သော် အမေရိကန်နှင့်နယူးဇီလန်နိုင်ငံများကမူ မြန်မာကျောင်းသားများအတွက် ချပေးသည့်ကျောင်းသားဗီဇာမှာ နည်းပါးသည့်အပြင် ကြန့်ကြာမှု၊ ငြင်းပယ်မှုများမှာ ရှိနေသေးကြောင်း မြန်မာကျောင်းသား အသိုင်းအဝိုင်းထံမှ သိရသည်။
”ဒါပေမဲ့ အခုသံရုံးအချို့က ပိုမြန်လာတယ်။ ပိုသွက်လာတယ်လို့ ပြောရင်ရနိုင်တဲ့အချိန်လို့ ဆိုရမယ်။ တစ်ခုရှိတာက အဆင့်မြင့်ဘာသာ ရပ်ကိုသင်ကြားမယ့်သူတွေရဲ့ ဗီဇာကပဲမြန်နေကြသေးတာ။ HND လို၊ ဒီပလိုမာလို ဘာသာရပ်တွေ သွားသင်မယ့်သူတွေရဲ့ လျှောက်ထားဗီဇာတွေကတော့ ကြန့်ကြာမှုတွေက ရှိနေဆဲပဲ။ ဒါလည်း ဖြေ လျော့ပေးရင် မြန်မာကျောင်းသားတွေအတွက် ပိုကောင်းလာမယ်။ နိုင်ငံတကာ ကျောင်းသားတွေထဲမှာ မြန်မာကျောင်းသားတွေက အနောက်နိုင်ငံအတွက် ပြဿနာ လုပ်တဲ့အထဲမှာ မပါတာကြောင့်ပဲ” ဟု ပညာရေး အတိုင်ပင်ခံတစ်ဦးက ဆိုသည်။
မင်းသုအောင်

No comments:

Post a Comment