Wednesday, September 26, 2012

နည်းပညာကျောင်းများ၏ အကြိုစာမေးပွဲမေးခွန်း ဗဟိုမှထုတ်မည်

နည်းပညာကျောင်းသားများ၏ အကြိုစာမေးပွဲမေးခွန်းများကို ဗဟိုမှ ထုတ်၍စစ်ဆေးသွားမည်ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။
အာဆီယံဒေသတွင်း စီးပွားရေး အသိုက်အမြုံအတွင်းသို့ ၂ဝ၁၅ ခုနှစ်တွင် မြန်မာဝင်ရောက်ရမည်ဖြစ်ရာ အိမ်နီးချင်းနိုင်ငံများနှင့် တန်းတူယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင် မှုအနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။
တက္ကသိုလ် စာသင်နှစ် တစ်နှစ်အတွင်း လေးကြိမ်ဖြေဆိုရသည့် အကြိုစာမေးပွဲဟု ခေါ်သော (Pre- Text) စာမေးပွဲမေးခွန်းကို ယခင်က နည်းပညာတက္ကသိုလ် များမှ မေးခွန်းပုံစံများကို တောင်းယူ၍ ဗဟိုမှ ဆုံး ဖြတ်သတ်မှတ်ပေးခဲ့သော်လည်း ယခုနှစ်တွင် ထိုကဲ့သို့မတောင်းတော့ဘဲ ဗဟိုကသာ တိုက်ရိုက်ထုတ် ခြင်း ဖြစ်သည်ဟု ၄င်းထံမှ သိရသည်။
ပြည်တွင်းရှိ လုပ်ငန်းခွင်များအတွင်း နည်းပညာလုပ်သားများ အရည်အသွေးမပြည့်မီဟု ဝေဖန်သုံးသပ်နေမှုများ ရှိနေရာ စာသင်နှစ်များအတွင်း စာတွေ့၊ လက်တွေ့ သင်ပေးခြင်းဖြင့် ထိုအခက်အခဲများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ရန် အစီအစဉ်တစ်ခုဖြစ်ကြောင်း ၄င်းက ပြောသည်။
စာမေးပွဲအအောင်၊ အရှုံးဆုံး ဖြတ်ပေးမှုအပေါ် အကျိုးသက်ရောက်မှုပေးနိုင်သည့် ထို Pre-Text မေးခွန်းအား နိုင်ငံတွင်းရှိ နည်းပညာတက္ကသိုလ်နှင့် ကောလိပ် ၄၂ ခုတို့အတွက် ဗဟိုအဆင့်က ထုတ်ပေးမည်ဟု သိရသည်။
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး၌ နည်းပညာ တက္ကသိုလ်ကျောင်းသား ၈ဝဝဝဝ နီးပါးခန့်ရှိသည်ဟု စာရင်းများအရ သိရသည်။
မင်းသုအောင်

No comments:

Post a Comment