Wednesday, September 26, 2012

မသင်မနေရ မူလတန်းပညာရေး ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေ

မသင်မနေရ မူလတန်းပညာရေးအဖြစ် ဥပဒေအရ ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေကြောင်း သိရသည်။ ”အခုအိမ်နီးချင်း နိုင်ငံတွေမှာ ရှိတဲ့ ဥပဒေတွေကို လေ့လာနေပါပြီ” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကျောင်းနေသည့် ကလေးတိုင်းမူလတန်းပညာ သင်ယူပြီးမြောက်နိုင် ရန်နှင့်ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းနေရေးအတွက် ထိုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။ လွတ်လပ်ရေးရပြီးချိန်မှ စ၍မြန်မာ့ ပညာရေး သမိုင်းစဉ်တစ်လျှောက်လုံး၌ အခြေခံပညာ မူလတန်းအဆင့် သင်ကြားရေးအား ဥပဒေတစ်ရပ်ဖြင့် ပြဋ္ဌာန်းမှုမပြုခဲ့ကြသည့်အတွက် ယခုအစိုးရလက်ထက် တွင်ပြဋ္ဌာန်းသွားနိုင်မည်ဆိုပါက သမိုင်းဝင်လုပ်ဆောင်မှု တစ်ခုဖြစ်လာမည်ဟု မြန်မာ့ပညာရေးအပေါ် စောင့်ကြည့်လေ့လာသူအချို့က သုံးသပ်သည်။ ယူနက်စကိုမှ အရာရှိတစ်ဦးက”ဒီလိုမျိုး ဥပဒေသာပေါ်လာရင်ကြိုဆိုကြရမှာပဲ။ ဂျပန်မှာဆိုရင် အလယ်တန်းအဆင့်ထိတောင် လုပ်နေပြီ။ ဒါက ဘာလဲဆိုရင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုး တက်ဖို့ဆိုရာမှာ ပညာတတ်တွေက မပါမဖြစ် ပါကြရမယ်။ ပညာရေးရဲ့ အခြေခံအုတ်မြစ်ကိုခိုင်မာအောင် ဥပဒေနဲ့ ဆောင်ရွက်သင့်တယ်”ဟု မှတ်ချက်ပြုသည်။ အငြိမ်းစား ဒုတိယ ပါမောက္ခချုပ် ဒေါက်တာထွန်းခင်ကမူ မူလတန်းပညာရေးအပေါ် မသင်မနေရ ဥပဒေပြဋ္ဌာန်းခြင်းကို ဘက်စုံထောင့်စုံမှ စဉ်းစားဆုံးဖြတ်မှုဖြင့် ဆောင်ရွက် သွားမည်ဆိုပါက အားလုံးအဆင်ပြေလိမ့်မည်ဟု ပြောသည်။ ”ဥပဒေနဲ့ဆိုရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ မသင်မနေရဆိုတော့မဖြစ်မနေ ကျောင်းကိုပို့ရတော့မယ်။ ဒီမှာ တစ်ခုရှိတာက တချို့မိဘတွေမှာ မိမိကလေးကျောင်းထားဖို့အရေး အခက်အခဲတွေရှိနေကြရင်ရော ဘယ်လိုလုပ်ကြမှာလဲ၊ ဒါကိုနိုင်ငံတော်က အစီအစဉ်လေးတွေ နဲ့ ကျောင်းထားနိုင်ဖို့ကို မဖြစ်မနေလုပ်ပေးဖို့ လိုလာပြီ။ ဒါမှအားလုံးက ကျောင်းတက်နိုင်ကြမှာ”ဟု ၄င်းကထောက်ပြသည်။ ပညာရေးဝန်ကြီးဌာန အနေဖြင့်ဥပဒေဖြင့် မသင်မနေရ မူလတန်းအဖြစ် ဆောင်ရွက်နိုင်ရန် ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ငွေကျပ်၁၈၃၅ သန်းကျော် အကုန်အကျခံ၍ တစ်နိုင်ငံလုံးရှိ မူလတန်းအဆင့် အတွက် ကျောင်းသုံးစာအုပ်အပြည့်အစုံကိုလည်းကောင်း၊ ယခု ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ကျောင်းများအပါအဝင် မူလတန်းအဆင့်ရှိ ကျောင်းသား၊ ကျောင်း သူ ၅ဒသမ ၅သန်းကျော်အတွက်ကျောင်းသုံးစာအုပ် အပြည့်အစုံနှင့် လေ့ကျင့်ခန်း စာအုပ်ခြောက်အုပ်စီ အခမဲ့ပံ့ပိုးပေးခြင်းဖြင့် ကျပ်သန်း၈ဝဝဝခန့်ကို ကျခံသုံးစွဲ ၍ ခြေလှမ်းစတင်ခဲ့သည်။
PN-051

No comments:

Post a Comment