Wednesday, September 26, 2012

အမျိုးသားအဆင့် မသန်စွမ်းလူငယ်များ ခေါင်းဆောင်မှု မြှင့်တင်ရေး သင်တန်း ပထမဆုံးအကြိမ် ဖွင့်မည်

အမျိုးသားအဆင့် မသန်စွမ်းလူငယ်များ ခေါင်းဆောင်မှု မြှင့်တင်ရေးသင်တန်းကို ပထမဆုံးအကြိမ် ရန်ကုန်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းလူငယ် များ ရှေ့ဆောင်အဖွဲ့မန်နေဂျာ ဒေါ်ယုယသူက ပြောသည်။
အဆိုပါ သင်တန်းအား မတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ လူငယ်များကို ခေါ်ယူမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
”ခရီးစရိတ်၊ စားသောက် နေထိုင်စရိတ်နဲ့ ကျန်တဲ့စာရွက်စာတမ်း အထောက်အကူ ပစ္စည်းတွေအတွက် သင်တန်းက တာဝန်ယူမှာပါ”ဟု ၄င်းက ပြောသည်။
သင်တန်းဆင်း မသန်စွမ်း လူငယ်များအနေဖြင့် သင်တန်းအတွေ့ အကြုံများကိုပါ အသုံးချလျက် မိမိတို့ရပ်ရွာ ဒေသအတွင်းရှိ ဘဝတူ မသန်စွမ်းသူများ၏ လူနေမှု ဘဝမြင့်မားရေး၊ အခွင့်အရေး တန်းတူရရှိရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အများနည်းတူ ဝင်ဆံ့လာနိုင်ရေးအတွက် ၄င်းတို့ကိုယ်တိုင် ဦးဆောင်သည့် အဖွဲ့အစည်း များ ဆောင်ရွက်လာနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။
သင်တန်း တက်ရောက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ မသန်စွမ်းလူငယ်များ အနေဖြင့် မတ်လ ၁ ရက်နေ့ နောက်ဆုံးထား၍ စာတိုက် မှဖြစ်စေ၊ ဖက်စ်ဖြင့်ဖြစ်စေ ပေးပို့နိုင်ကာ info. myanmarili@gmail.com သို့လည်း ဆက်သွယ်နိုင်သည်ဟု သိရပြီး လာမည့်နှစ်၌ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး များမှလည်း ခေါ်ယူသွားမည်ဟု သိရသည်။
ယင်းအဖွဲ့အနေဖြင့် ယခုလ နောက်ဆုံးပတ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ ပြင်ပဗဟုသုတရရှိရန် အယောက် ၃ဝ ရွေးချယ်၍ ဈေးဝယ်ထွက် လည်ပတ်ခွင့်ပေးရန် စီစဉ်နေကြောင်းလည်း သိရသည်။
အိမ်စည်စိုးစံ၊ ဖြိုးဖြိုး

No comments:

Post a Comment