Wednesday, September 26, 2012

အခြေခံအဆင့် ပညာရေး ယူနက်စကို အပြည့်ကူညီမည်

အခြေခံအဆင့် ပညာရေးအတွက် ယူနက်စကိုအဖွဲ့မှ အပြည့်အဝ ကူညီဆောင်ရွက် ပေးသွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး နှင့် ယူနက်စကိုမှ တာဝန်ရှိသူတို့ တွေ့ဆုံခဲ့ပြီးနောက် ထိုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မူလတန်းအဆင့် မသင်မနေရ အကောင်အထည် ဖော်နေမှုအပေါ်၊ ပိုမိုအကျိုးဖြစ်ထွန်းသွားမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားနိုင်လိမ့်မည်ဟု ပညာရေး ကျွမ်းကျင်သူအချို့က သုံးသပ်သည်။
ပါမောက္ခ ဒေါက်တာထွန်းခင်က ”ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့ရဲ့ အခြေခံက ဒီအတန်းငယ်တွေပဲ၊ ဒါကြောင့် ကျောင်းတွေမှာ လက်တွေ့စမ်းသပ်မှုတွေ လုပ်နိုင်အောင် လိုအပ်တဲ့ပစ္စည်းတွေ ဖြည့်ပေးသင့် တယ်။ လုပ်သင့်လုပ်ထိုက်တာတွေ လည်း လုပ်ပေးသင့်တယ်”ဟု ပြော သည်။
တချို့သောကျောင်းများမှာ ဥပဓိရုပ် မကောင်းခြင်းများရှိနေရာ နိုင်ငံတော်မှ ဘတ်ဂျက်တိုးပေးရန် ရှိနေမှု၊ နိုင်ငံတကာမှ ပို၍ပံ့ပိုးကူညီမည့် အလားအလာနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ အာရုံစိုက်မှုရှိနေ ခြင်းတို့ကြောင့် ပြန်လည်ကောင်းမွန် လာဖွယ် ရှိလာနိုင်သည်ဟုလည်း ပညာရေးလေ့လာနေသူ တစ်ဦးက သုံးသပ်သည်။
အငြိမ်းစား ကျောင်းဆရာတစ်ဦးက ”ဆင်းရဲချို့တဲ့ပြီး ပညာဆက် မသင်နိုင်တာတွေကို အနည်းဆုံးပမာဏ ဖြစ်အောင် လုပ်စေချင်တယ်။ ပြီးတော့ မူလတန်းအဆင့် တစ်ခု တည်းကို မဟုတ်ဘဲ အလယ်တန်းနဲ့ အထက်တန်းအဆင့်တွေကိုပါ တက်ရောက်သူ များသွားအောင် တွန်းအားပေးသင့်တယ်” ဟု ပြောသည်။
မင်းသုအောင်

No comments:

Post a Comment