Wednesday, September 26, 2012

ကလေးဗဟိုပြု ချဉ်းကပ်သင်ယူနည်းစနစ် ၂ဝ၁၅ တွင် တစ်နိုင်ငံလုံး၌ စတင်မည်

၂ဝ၁၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ကလေးဗဟိုပြု ချဉ်းကပ်သင်ယူနည်း သင်ကြားပေးနိုင်တော့မည် ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရ သည်။
”၂ဝ၁၂ ကနေ ၁၅ အထိ တစ်မြို့နယ်မှာ ကျောင်း ၈ဝ ဖြစ် ရင်ဖြစ်မယ်။ ၉ဝ ဖြစ်ရင်ဖြစ်မယ် ပေါ့။ အဲဒီလိုတွက်ပြီးမူလတန်းပြ ဆရာမတွေကို သင်တန်းပေး သွားမယ်”ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးကစက်တင်ဘာ ၁၆ ရက်တွင် ကလေးဗဟိုပြု ချဉ်း ကပ်သင်ယူနည်းဖြင့်သင်ကြား နိုင်မည့်အခြေအနေကိုပြောသည်။
ကလေးဗဟိုပြု ချဉ်းကပ် သင်ယူမှုပုံစံသည် ကျောင်းသူ၊ ကျောင်းသားများ၏ ထိုးထွင်း ကြံဆမှု၊တီထွင်ဖန်တီးမှု၊ဆက်စပ် အသုံးချနိုင်မှု၊ ဝေဖန်သုံးသပ်နိုင်မှု၊ ပြဿနာ ဖြေရှင်းနိုင်မှု စွမ်းရည်များကို တိုးတက်စေသော သင်ကြားနည်းဖြစ်ပြီး သင်ကြားမည့် ဆရာ၊ ဆရာမများကို ကုလသမဂ္ဂဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ကလေးဗဟိုပြု ချဉ်းကပ်သင်ယူမှု မြှင့်တင်ရေးအဖွဲ့နှင့် သင်ရိုးအဖွဲ့တို့မှ ပညာရှင်များက လေ့ကျင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
”လက်ရှိမှာတော့ မူလတန်းအဆင့်ကို အရင်လုပ်ရမယ်။ ဥပမာ-ကလေးတစ်ယောက်ကို ပတ်ဝန်းကျင်မှာတွေ့ရတဲ့ အပင်ငါးမျိုးရေးပါဆိုရင် ဆရာမပြောတဲ့ အပင်ကို ရေးတာထက် ချင်းပြည်နယ်က ကလေးက သူ့ပတ်ဝန်းကျင်မှာတွေ့တဲ့ အပင်ကိုရေးမယ်။ အဲဒီလိုပဲ ရန်ကုန်ကကလေးကလည်း သူတွေ့တာရေးမယ်ပေါ့။ အဓိကကတော့ ကလေးတွေရဲ့ တွေးခေါ်မှု စွမ်းရည်မြင့်တက်စေချင်တာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံတွင် ကလေးဗဟိုပြုစနစ်ဖြင့် သင်ကြားရန် ၁၉၉၈ ခုနှစ်မှစ၍ ပြောင်းလဲခဲ့သော်လည်း  များသောအားဖြင့် ဆရာဗဟိုပြု ချဉ်းကပ်သင်ယူနည်းဖြင့်သာ သင် ကြားခဲ့ကြရကြောင်း၊ NGO ပရောဂျက်ရှိသော နယ်များတွင် ကလေးဗဟိုပြုနည်းစနစ်ဖြင့် သင်ကြားနေကြောင်း သိရသည်။
၂ဝ၁၅ တွင် ကလေးဗဟိုပြု ချဉ်းကပ်သင်ယူမှုဖြင့် သင်ကြားပါက လက်ရှိပြဋ္ဌာန်းစာအုပ်များကို အနည်းငယ်သာ ပြောင်းလဲရန်လိုမည် ဖြစ်ကြောင်းသိရသည်။
”ဒီနည်းက အမေရိကန်မှာဆိုရင် လွန်ခဲ့တဲ့နှစ် ၁ဝဝ ကတည်းက စခဲ့တာ။ အခြားနိုင်ငံတွေလည်း လုပ်နေကြပြီ။ မြန်မာနိုင်ငံမှာတော့ NGO ပရောဂျက်ရှိတဲ့ နယ်ကျောင်း တွေမှာ အများဆုံးသုံးနေကြတာ တွေ့ ရတယ်။ မြို့ကျောင်းတွေကတော့ ဆရာဗဟိုပြု ချဉ်းကပ်နည်းနဲ့ သွားနေတုန်းပဲ”ဟု လုပ်သက်ရင့် ပညာရေးဝန်ထမ်းတစ်ဦးက ၄င်း၏ အမြင်ကိုပြောသည်။
ကလေးဗဟိုပြုချဉ်းကပ် သင်ယူမှုဖြင့် ပြောင်းလဲသင်ကြားပေးနိုင်ရန် ကုလသမဂ္ဂဆိုင်ရာကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) နှင့် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ(JICA)အဖွဲ့တို့ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရလဒ်ကောင်းများရရှိခဲ့သည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မေဇင်ဝင်း

No comments:

Post a Comment