Sunday, October 14, 2012

G-mail ကို စတိုင်ကျကျ သုံးကြစို

ရွှေမင်းသားလေး ဝေယံမှ ပြန်လည်မျှဝေလိုက်ပါတယ်

Photo
ကျွန်တော် ဂျီမေးလ် သုံးလာတာ ဆယ်နှစ်ဝန်းကျင် ရှိပါပြီ။  ဒါပေမဲ့ Inbox ကတော့ ထုံးစံအတိုင်း ဖရိုဖရဲ။ ရာနဲ့ချီနေတဲ့ ဝင်စာတွေထဲက လိုချင်တဲ့ စာတစ်စောင်ရှာရတဲ့ ကိစ္စကလည်း တစ်ခါတစ်ခါတော့ ခေါင်းအတော်ကိုက်ပါတယ်။ ကျွန်တော့်လို ခေါင်းမကိုက်ချင်ရင် ဂျီမေးလ်ကို စနစ်လေးတစ်ခုခုနဲ့ စတိုင်ကျကျ သုံးကြပါစို့လား။ စတိုင်ကျကျ သုံးချင်ရင် အောက်မှာ ပြောထားတဲ့ အချက်ကလေးတွေကို လိုက်နာဖို့တော့ လိုပါမယ်။

ကိုယ့်စိတ်ကြိုက် Label လေးတွေ ဖန်တီးပါ

ဂျီမေးလ်သုံးတဲ့လူ အတော်များများကို မေးကြည့်ရင် Label ဆိုတာ ရှိမှန်းမသိတဲ့လူ အတော်များသဗျ။ တကယ်တော့ Label ဆိုတာ တူရာစုပြီး သိမ်းတဲ့စနစ်တစ်ခုပါ။ အဖေ့ဆီမှလာသောစာ၊ ချစ်ချစ်ထံမှ ပို့သောစာ၊ ယောက္ခမထံမှဆဲစာ စသည်ဖြင့် ကိုယ့်စိတ်ကြိုက် Label လေးတွေ ဖွဲ့ပြီး တူရာစာတွေ စုသိမ်းမယ်ဆိုရင် စာရှာရတာ ပိုလွယ်တာပေါ့ဗျာ။ Inbox က စာတွေကို Label နဲ့ စုလိုက်မယ်ဆိုရင် မြင်ရတာတောင် ပိုရှင်းသွားသေး။ အဲဒီလိုလုပ်ရင် ဂျီမေးလ်ရဲ့ browser window ထဲ ဝင်မယ်။ More Link ဆိုတဲ့ နေရာမှာ ဘယ်ကလစ် တစ်ချက်နှိပ်ပါမယ်။ ပေါ်လာတဲ့ စာစုထဲက Create New Label ဆိုတာကို ရွေးပါမယ်။ ပြီးရင် ပေးလာမယ့် အကွက်ထဲမှာ စိတ်ကြိုက် Label name တစ်ခု ထည့်ပါမယ်။ Label တစ်ခုမက ထားချင်ရင် ဒီလုပ်ငန်းစဉ်ကို အထပ်ထပ် ကျော့ပြီး လုပ်ပါ။ ပြီးရင် စာတွေကို Label အောက်ထဲ ပို့လိုက်ပါ။ စာတွေရဲ့ ဘယ်ဘက်ဘေးက လေးထောင့်ကွက်ထဲမှာ အမှန်ခြစ်ပြီး အရင်ရွေးထားဖို့တော့ လိုပါတယ်။ နောက်တစ်နည်းက ကိုယ်ရွေးချင်တဲ့ စာတွေရဲ့ နံဘေးက လေးထောင့်ကွက်ထဲမှာ အမှန်ခြစ်ပါ။ ပြီးရင် Label button မှာ ဘယ်ကလစ် နှိပ်ပါ။ Create New ကို ရွေးပြီး Label Name ပေးပါ။ ပြီးရင် OK နှိပ်ပါ။ Gmail ရဲ့ ဘယ်ဘက်အကွက်ထဲက Label စာသားအောက်မှာ Label Name အသစ်တစ်ခုကို တွေ့ရပါမယ်။

Filter တွေ သုံးပေးပါ

Filter ဆိုတာ တကယ်တော့ ရေစစ်တစ်မျိုးပဲဗျ။ ကိုယ်သီးခြား ပယ်ချင်တဲ့အရာကို စစ်ယူလိုက်တာပေါ့ဗျာ။ စာတွေကိုလည်း ကိုယ့်ဆီဝင်လာကတည်းက သီးခြား Filter တွေနဲ့ စစ်ယူလိုက်ရင် ကိုယ်သတ်မှတ်ချက်အလိုက် တူရာစုပြီး ရှိနေမှာပေါ့။ Inbox တောင် ရှင်းလင်းပြီး သပ်ရပ်သွားပါဦးမယ်။ အလွယ်ဆုံးက Filter အတွက် သတ်မှတ်ချက်တွေလုပ်ပြီး သက်ဆိုင်ရာ Label တစ်ခုအောက် တိုက်ရိုက်ရောက်အောင် လုပ်မှာပါ။ စာဝင်လာပြီးမှ သွားယူပြီး Label အောက်ထဲ ပို့စရာ မလိုတော့ဘူးပေါ့။ ဒီလိုလုပ်ဖို့ ပထမဆုံး Inbox ထဲ ရောက်နေတဲ့ စာတစ်စောင်ကို ဘယ်ကလစ်ထောက်ပြီး ရွေးပါမယ်။ ပြီးရင် More Action ဆိုတဲ့ နေရာမှာ ဘယ်ကလစ် ထပ်ပြီးနှိပ်ပါမယ်။ သူက ဂျီမေးလ်ရဲ့ အပေါ်ဘက်နားမှာ ရှိပါတယ်။ ပေါ်လာတဲ့ စာသားထဲကနေ Filter Messages Like these ဆိုတဲ့ စာသားကို ရွေးပါမယ်။ Filter အတွက် လိုအပ်တဲ့ အရည်အချင်းတွေ သတ်မှတ်ပေးပါမယ်။ အဲဒီ အရည်အချင်းတွေနဲ့ ကိုက်ညီရင် ဘယ် Label အောက်ကို သွားပါဆိုပြီး ခိုင်းနိုင်ပါတယ်။ မပူနဲ့ နောက်တစ်ခါ စာအသစ်ဝင်လာရင် ဂျီမေးလ်က အလိုအလျောက် ခွဲခြားပြီး သက်ဆိုင်ရာ Label အောက်ကို ပို့ပေးပါတယ်။

အမြန်ကြည့်နိုင်ဖို့ Book Mark တွေ သုံးပါ

ကိုယ် မကြာခဏ ခေါ်ခေါ်ကြည့်နေရတဲ့ အီးမေးလ်တွေ ရှိသလား။ ဂျီမေးလ် ဖွင့်လိုက်တိုင်းရော အဲဒီစာကို ရိုးရိုးနည်းနဲ့ ရှာရင်ရှာ။ မဟုတ်ရင် Label ထဲ ဝင်ရှာ။ ဒီလို လုပ်နေရပြီလား။ လိုတိုင်းသာ အဲဒီလို ဝင်ရှာနေရရင် အလုပ်မတွင်တော့ဘူးပေါ့ဗျာ။ အကောင်းဆုံးနည်းက အဲဒီစာမှာ Book Mark တပ်ထားတာပါပဲ။ ကျွန်တော်တို့ စာအုပ်ဖတ်ရင် စာမျက်နှာ ဘယ်နေရာအထိ ရောက်ပြီလဲဆိုတာ သိချင်လို့ ကတ်ပြားလေးတွေ ညှပ်လေ့ရှိတယ် မဟုတ်လား။ Book Mark ဟာလည်း ဒီသဘောပဲ။ အဲဒီစာရှိတဲ့နေရာ တိုက်ရိုက်သွားနိုင်အောင် လုပ်လိုက်တာဟာ Book Mark ပါပဲ။ Book Mark လုပ်တာကို ဘယ် Browser ကမဆို အထောက်အပံ့ ပေးပါတယ်။ အလုပ်တွင်တာပေါ့ဗျာ။ ပြန်ရှာချင်ရင် Browser ရဲ့ Book Mark မှာ တိုက်ရိုက်ရှာရုံပါပဲ။

ဂျီမေးလ်ကို Offline သုံးပါ

3G တွေ ပေါ်ဦးပေါ်ဖျားမှာ မလိမ့်တစ်ပတ်နဲ့ 100 Kbps အမြန်နှုန်းတွေပေးပြီး ကျွန်တော်တို့ကို အင်တာနက်သုံးခိုင်းတော့ ကျွန်တော့ ဂျီမေးလ်အစုအဝေးကြီးကို Offline ဆွဲချပြီး Laptop ပေါ်မှာ တင်သုံးဖူးပါတယ်။ 100 kbps ရတယ်ဆိုတဲ့ အချိန်မှာတောင် Offline ဂျီမေးလ်လုပ်ငန်းစဉ်ဟာ မိနစ်နှစ်ဆယ်ကျော်ကြာပါတယ်။ အဲဒီအချိန်က ကျွန်တော့် Account ဟာ မေးလ်အစောင် တစ်ရာကျော်ပဲ ရှိတာပါ။ ခုအချိန်မှာ သုံးစားမရတဲ့ အင်တာနက် အမြန်နှုန်းနဲ့ဆိုရင် မတွေးရဲဘူး။ နောင်တစ်ချိန်မှာ ဘုရားစူး မိုးကြိုးပွတ် အင်တာနက် ပြန်ကောင်းလာခဲ့ရင် သုံးနိုင်အောင် အကြံပြုထားတာပါ။ ကိုယ့်ရဲ့ Browser ဟာ Chrome ဖြစ်နေရင်တော့ အိုကေတယ်။ တခြား Browser ဖြစ်နေခဲ့ရင် Google gear ကို download ဆွဲချပြီး plug-in အနေနဲ့ ထည့်ပေးရပါမယ်။ ပြီးရင် ဂျီမေးလ်ထဲဝင်ပါ။ Setting ကိုသွားပါ။ Offline ဆိုတာကို ရွေးပေးပါ။ 100 kbps ကျော်ကျော် အင်တာနက် အမြန်နှုန်းရရင် ကိုယ့်ရဲ့စာစောင်ရေ အနည်းအများပေါ်မူတည်ပြီး ၁၅ မိနစ်ကနေအထက် ကြာပါမယ်။ နောင်ဆိုရင် ကွန်ပျူတာကို ဖွင့်ပြီး ဝင်စာတွေကို စိမ်ပြေနပြေ ဖတ်နိုင်ပြီ။ အင်တာနက်မချိတ်မီ စာတွေကို ဂျီမေးလ်ထဲ ကြိုရိုက်ထားပြီး အင်တာနက်လိုင်းမိတာနဲ့ တစ်ခါတည်း လွှတ်တင်လိုက်လို့လည်း ရပါပြီ။

ဂျီမေးလ် Backup စနစ်ကို သုံးပါ

ဂျီမေးလ်က ကြီးကျယ် ခမ်းနားပါတယ်။ ဒါပေမဲ့ Back up မပါရင် မပြည့်စုံပါဘူး။ တကယ်လို့ ဂျီမေးလ် ဆားဗစ်ပြဿနာပေါ်ပြီဆိုရင် ကိုယ့်စာတွေလည်း ထိခိုက်တတ်ပါတယ်။ တန်ဖိုးရှိတဲ့စာတွေ ဆုံးရှုံးတဲ့အရေး ကာကွယ်ဖို့ စာတစ်စောင်ကို ကိုယ့်လိပ်စာထဲကို ပို့၊ နောက်တစ်စောင်ကို ဒုတိယ အီးမေးလ်လိပ်စာထဲကို ပို့ဆိုပြီး လုပ်ရပါမယ်။ ခုအချိန်မှာ ဒုတိယဂျီမေးလ်လိပ်စာတစ်ခု လုပ်ဖို့ဟာက အလွန်ကို ခက်ခဲပါတယ်။ ဖြစ်နိုင်ရင် Yahoo mail မှာ Account အသစ်တစ်ခုဖွင့်ပြီး ဒုတိယဂျီမေးလ်လိပ်စာအနေနဲ့ ပေးလိုက်ပါ။ (Server ချင်း မတူနိုင်တာမို့ ကိုယ့်စာတွေ မပျောက်မပျက်ရေးအတွက် ပိုပြီးတောင် စိတ်ချရပါသေးတယ်) ဒီလိုပို့နိုင်ဖို့အတွက် စာလက်ဆင့်ကမ်းတဲ့အလုပ် (Forwarding) ကို လုပ်ရပါမယ်။ ဂျီမေးလ်ထဲက Setting နေရာကို သွားပါ။ ပြီးရင် Forwarding ကို ရွေးပါ။ ပြီးရင် POP/ IMAP ကို ရွေးပေးပါ။ IMAP (Internet mail Access Protocol) ဖြစ်ပါတယ်။ ကိုယ့်စာတွေကို Server ပေါ်မှာသိမ်းပြီး ကွန်ပျူတာထဲကတစ်ဆင့် လှမ်းဖတ်လိုရတဲ့စနစ်ကို ခေါ်ပါတယ်။ အကြောင်းကြောင်းကြောင့် ကွန်ပျူတာ ပျက်ခဲ့ရင်တောင် စာတွေ မဆုံးတော့ဘူးပေါ့။ POP (Post Office Protocol) စနစ်မှာ အီးမေးလ်တွေကို Server ထဲမှာ သိမ်းမပေးပါဘူး။ သုံးစွဲသူရဲ့ ကွန်ပျူတာထဲကို တိုက်ရိုက်ပို့ပါတယ်။ ကွန်ပျူတာပျက်ရင် ကိုယ့်စာတွေ ဆုံးနိုင်ပါတယ်။

No comments:

Post a Comment