Tuesday, October 9, 2012

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများကွန်ရက် တည်ထောင်

တက္ကသိုလ်သမဂ္ဂ အသီးသီးနဲ့ သင်တန်း၊ ကျောင်း၊ ဘော်ဒါဆောင် ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာများကွန်ရက်ကို ဒီကနေ့ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ စတင် တည်ထောင်လိုက်ပါတယ်။
RFA
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများကွန်ရက် ဖြစ်မြောက်ရေး အစည်းအဝေးကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ Crystal Jade စားသောက်ဆိုင်တွင် ကျင်းပစဉ်။
ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တချို့ အပါအဝင် မြန်မာနိုင်ငံ တဝှမ်းရှိ တက္ကသိုလ်ကောလိပ် အသီးသီးက ဆရာများသမဂ္ဂတွေနဲ့ ပြင်ပ ပညာရေးအဖွဲ့အစည်းတွေ ပူးပေါင်း ဖွဲ့စည်းလိုက်တဲ့ ဒီကွန်ရက်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေး အပြောင်းအလဲအတွက် ရည်ရွယ်ကြောင်း   မြန်မာနိုင်ငံ ပုဂ္ဂလိကဆရာများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦး (ခေါ်) ဒေါက်တာဘိုင်အိုက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံ ပညာရေး အပြောင်းအလဲအတွက် ပညာရှင်ဆရာတွေ ပါဝင်တဲ့ ကွန်ရက်ကြီးတစ်ခုကို ကျွန်တော်တို့က စပြီးတော့  တည်ဆောက်နိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့က တရားဝင် ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီးတော့ ဖွဲ့ထားတဲ့အဖွဲ့က တရားဝင်သွား ပါတယ်။ အခု ကျွန်တော်တို့နိုင်ငံမှာ အလွန်နိမ့်ကျနေတဲ့ ပညာရေးကို ပြောင်းလဲတိုးတက်လာအောင် တကယ်လုပ်ဆောင်နိုင်တဲ့ Civil Society တစ်ခုရဲ့ အင်အားတစ်ခုကို ကျွန်တော်တို့က တည်ဆောက်တာ။ ကျွန်တော်တို့ မူဝါဒက ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးကို အခြေခံက စပြီးတော့ စနစ်တကျ ပြောင်းလဲတိုးတက်ဖို့အတွက် ကျွန်တော်တို့ သိထားတဲ့ အတွေ့အကြုံတွေ၊ လေ့လာထားတဲ့ အားထုတ်မှုတွေ အားလုံးပေါင်းစပ်ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ အာဏာကြီးသုံးရပ်ဖြစ်တဲ့ လွှတ်တော်ရယ်၊ အစိုးရရယ်၊ ဥပဒေပြုမှု၊ အုပ်ချုပ်မှု၊ တရားစီရင်မှု၊ ဒီမဏ္ဍိုင်ကြီး သုံးရပ်ကို ပဲ့ကိုင်ထိန်းကျောင်းနိုင်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတစ်ခု အင်နဲ့အားနဲ့ ဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားတဲ့သဘောပါ”
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်က ခရစ္စတယ်ဂျိတ်ဒ် (Crystal Jade ) စားသောက်ဆိုင်မှာ ဒီကနေ့ ကျင်းပတဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများကွန်ရက် ဖြစ်မြောက်ရေး အစည်းအဝေးကို ဒေါက်တာခင်မောင်ညို၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာဘိုင်အိုတို့ အပါအဝင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဆရာသမဂ္ဂက ဦးလှိုင်တင့်၊ ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂက ဒေါက်တာကျော်သန်းမိုး တို့နဲ့အတူ ဆရာ၊ဆရာမ တစ်ရာကျော် တက်ရောက်ပြီး မြန်မာနိုင်ငံ ပညာရေးအပေါ် သုံးသပ်ဆွေးနွေးတဲ့ စာတမ်း ၃ဝ ကျော်ကို လူမှုကွန်ရက် အသီးသီးက ဖတ်ကြား ဆွေးနွေးခဲ့ကြပါတယ်။

No comments:

Post a Comment