Monday, October 15, 2012

အဖန်ငါးရာ၊ ငါးကမ္ဘာတဲ့လား .. ?

သြော်… အဖန်ငါးရာငါးကမ္ဘာဆုံးရင်တော့.. ဒီမိုကရေစီ ရကောင်းပါရဲ့။
ဒီကနေ့..စက်တင်ဘာ(၁၀)ရက်ဟာ ကမ္ဘာ့မိမိကိုယ်ကိုလုပ်ကြံမှုများ ကာကွယ်တားဆီးရေးနေ့ (World Suicide Prevention Day) ဖြစ်တယ်လို့ နိုင်ငံတကာ မိမိကိုယ်ကိုလုပ်ကြံမှုကာကွယ်တားဆီးရေးအဖွဲ့ (IASP) က သတ်မှတ်ထား တယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အစီအရင်ခံစာအရ.. မိမိကိုယ်ကိုလုပ်ကြံသူတွေဟာ၊ မိမိခန္ဓာဇီဝ ဖောက်လွဲဖောက် ပြန် အပြောင်းအလဲကြောင့်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုနဲ့လူမှုရေးပြဿနာ၊ စိတ်ဖိ စီးမှုတွေအပြင်၊ အခြားဖြစ်ကြောင်းကုန်စင် မဖော်ထုတ်နိုင်သေးတဲ့ ဖြစ်ပျက်မှုတွေအပေါ်အခြေခံတယ်လို့ဆိုပါတယ်။
ဒီလို ကိုယ့်ကိုယ်ကိုလုပ်ကြံမှုတွေဟာ အထူးသဖြစ် လူငယ်ပိုင်းတွေကြား ဦးတည်ဖြစ်ပွားတာ အများစုလို့ဆိုတယ်။ ကမ္ဘာ တ၀ှမ်း ကိုယ့်ကိုယ်ကိုလုပ်ကြံသတ်သေသူ တနှစ်မှာ တသန်းလောက်ရှိသတဲ့။ ဒါဟာ အချိန်စက္ကန့် ၄၀ တိုင်းမှာ လူတ ယောက်သေနေတဲ့ သဘောပဲလို့ အဲဒီသတင်းက ဆိုတယ်။ ဒီအတိုင်းဆို လာမဲ့သကရာဇ် ၂၀၂၀ မှာ ကိုယ့်ကိုယ်ကိုသတ် သေသူ ၁.၅ သန်းလောက်တိုးလာမဲ့ သဘောပဲတဲ့။
ကျနော်တို့ အိမ်နီးချင်းလူဦးရေ သန်းပေါင်း ၁၂၀၀ ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ တနှစ်ကို တသိန်းလောက်ဟာ ကိုယ့်ကိုယ် ကို သတ်သေနေပါတယ်။ တရုတ်နိုင်ငံလည်း အဲဒီနှုန်းထက်မနိမ့်တာကို အင်တာနက် သတင်းအချက်အလက်တွေအရ တွေ့ရတယ်။
ရုပ်ဝတ္တုတွေ သိတ်ဖွံ့ဖြိုးပြီး ကိုယ့်ကိုကိုယ်သသတ်သေတဲ့နေရာမှာ အရမ်းနာမည်ကြီးတဲ့ အရှေ့အာရှ ဂျပန်နိုင်ငံလူဦးရေ ၁၂၈ သန်းမှာ တနှစ် ၃ သောင်းကျော်လောက်က ကိုယ့်ဖာသာလုပ်ကြံ သေဆုံးတယ်။ အများစုက အသက် ၂၀ နဲ့ ၂၅ နှစ် ကြားလူငယ်တွေဆိုပဲ။ အလုပ်လက်မဲ့ပြဿနာနဲ့ စိတ်ဖိစီးမှုတွေပေါ့။

ဗမာပြည်မှာတော့ တရားဝင်စာရင်းဇယားမထုတ်ပြန်တော့ တနှစ်ဘယ်လောက်သေလဲဆိုတာတောင် မသိရဘူး။ ကိုယ် ကိုယ်လုပ်ကြံမှုထက် တခြားလူကလုပ်ကြံတာ၊ စစ်ပွဲမှာသေဆုံးတာ၊ ရဲဘက်အကျဉ်းစခန်းတွေနဲ့ အကျဉ်းထောင်ထဲမှာ သေဆုံးတာ၊ အဓိကရုဏ်းဖြစ်ပြီးသေဆုံးတာ၊ ကိုယ့်နိုင်ငံသားချင်း၊ တိုင်းရင်သားအချင်းချင်း သတ်ဖြတ်လုပ်ကြံတာတွေ က ပိုများမယ်ထင်ပါတယ်။
တလောကတော့ နေပြည်တော်မှာ ရဲမှူးတယောက် ကိုယ့်ဖာသာလုပ်ကြံသေတယ်လို့ သတင်းပေါ်တယ်။ အစောပိုင်း လတွေကလည်း ရဲစစ်ဆေးချက်မခံနိုင်လို့ ရုံးအမြင့်ပေါ်က ခုန်ချသတ်သေတဲ့ အမျိုးသမီးတယောက်သတင်း ကြားသေး တယ်။ မနှစ်ကလည်း ဆင်းရဲကြပ်တည်းလွန်းလို့ ခလေးတွေရော အမေပါ ထမင်းထဲအဆိပ်ထည့်စားသောက်သေကြတာ ကြားမိသေးတယ်။ နောက်ပြီးကြိုးဆွဲချသေတာ၊ ဂျပိုးသတ်ဆေးသောက်သေတာ၊ အဆိပ်သောက်သေတာ၊ တိုက်ပေါ်က ခုန်ချသေတာ၊ ကိုယ်ဝန်ရှိနေလို့ အရှက်နဲ့အသက်လဲတာ၊ လူကုန်ကူးခံရရင်း ပြည့်တန်ဆာဘ၀လွတ်ချင်လို့၊ မယားမြှောင် ဘ၀က လွတ်မြောက်ချင်လို့… သတင်းမျိုးစုံကြားတာပဲ။ ပြစ်မှုနဲ့ မှုခင်းသတင်းဂျာနယ်တွေ ဖတ်ရရင် ပိုလို့သိရအုံးမယ်။
ဒီကနေ့ ဘိုးဘွားအစဉ်အဆက်၊ ဓာမဦးချလုပ်လာခဲ့တဲ့ လယ်သမားတွေ လယ်သိမ်းခံရတဲ့သတင်းကြားတော့၊ ထွက် ပေါက်တွေပိတ်ပြီး လုပ်ကြံသေဆုံးမှုတွေ ဖြစ်လာမလားတောင် စိုးရိမ်သွားတယ်။ တလောက အတိုးရော၊ အကြွေးရော ပြန်မဆပ်နိုင်လို့ ကြွေးလည်ပင်ထိပြီး ကိုယ့်ဖာသာလုပ်ကြံသေဆုံးသွားတဲ့ ပဲခူးတိုင်းက လယ်သမားတယောက် သတင်း ကြားမိလို့ပါ။ ဗမာပြည်ထဲနေရင် သက်ဆိုင်ရာမြို့နယ်အလိုက် စုံစမ်းမေးမြန်းပြီး စာရင်းစစ်တမ်းယူ သတင်းရေးဖြစ်မှာပါ။
နိုင်ငံတိုင်းလိုလို အဲလိုကိုယ့်ဖာသာ လုပ်ကြံသေဆုံးမှုတွေကတော့ ရှိတာပါပဲ။ ပြည်တွင်းစစ်ဖြစ်နေတဲ့ အာဖဂန်နစ္စတန်တို့၊ ဆီးရီးယားတို့နဲ့ နိုင်ငံရေးမတည်ငြိမ်တဲ့ အီရတ်၊ ပါကစ္စတန်တို့မှာလည်း အသေခံဗုံးခွဲလုပ်ကြံမှုတွေက နှစ်စဉ် ထောင်နဲ့၊ သောင်းနဲ့ချီဖြစ်နေတာ။ ကျနော်တို့ နိုင်ငံမှာတော့ အဖန်ငါးရာ၊ ငါးကမ္ဘာခံရမဲ့ အကုသိုလ်ဆိုတဲ့ ဘာသာရေးနဲ့ သတိပေး မှုတွေ ခေါင်းထဲစွဲနေလို့ တော်ပါသေးရဲ့။ နို့မဟုတ်ရင်ဒီမင်း၊ ဒီလူ၊ ဒီစနစ်၊ ဒီအစိုးရနဲ့တော့၊ နိုင်ငံရေးသမား၊ စီးပွားရေး သမားတွေတောင် စိတ္တဇဖြစ်ပြီး စိတ်ကျရောဂါနဲ့ လုပ်ကြံသေကြလွန်းလို့ ကမ္ဘာ့စံချိန်မဟုတ်တောင်၊ အာရှစံချိန်တင်သွား နိုင်တယ်။

တိုးတက်တဲ့ နိုင်ငံတွေမှာလည်း အလုပ်လက်မဲ့ကိစ္စ၊ လူမှုရေးပြဿနာနဲ့ စိတ်ကျရောဂါကြောင့် လုပ်ကြံသေဆုံးမှုတွေ ရှိ နေတယ်။ ဘာသာတရားကနေ ထွက်ပေါက်မရှာနိုင်ရင် ပိုလို့တောင်ဆိုးသေး။ အော်..ဆင်းရဲပေမဲ့၊ အလုပ်မရှိပေမဲ့၊ မတ ရားဖိနှိပ် ဘိုကျခံနေရပေမဲ့၊ ကိုယ့်လယ်မြေတွေ အသိမ်းခံရပေမဲ့၊ ဗမာပီပီ၊ ခန္နီပါရမီအပြည့်နဲ့ ခေါင်းငုံ့ခံနေနိုင်တာကိုပဲ
ဂုဏ်ယူရတော့ မလိုလို။ ကြံရာမရလို့ အမေမွေးပေးတဲ့ ကိုယ်ခန္ဓာကြီးကို ကြမ်းခင်းဈေးရသလောက်နဲ့ လမ်းဘေးမှာ အသုံးချပြီး အမေ့ဆေးဖိုးနဲ့ သားသမီးတွေအစာအိမ်အတွက် ပိုက်ဆံရှာနေရတဲ့ ကျနော့ ညီမတွေ၊ အမတွေ သတ္တိကိုပဲ ၀မ်းသာပြရတော့မလိုပါ။
အော်… ဘာပဲဖြစ်ဖြစ် အနှစ် (၆၀) အာဏာရှင်အောက်မှာ၊ ဇာတိဂုဏ်လည်း မမောက်နိုင်၊ သတ္တိတွေလည်း မပြနိုင်၊ ရန် သူကိုမိတ်ဆွေထင်၊ မိတ်ဆွေကိုရန်သူမှတ်နေကြတဲ့ ညီအကိုမသိတသိ ဆည်းဆာလွန်အကာလကြီးမှာ ကိုယ့်ဖာသာ ကိုယ် ရှက်ပြီး မလုပ်ကြံမိကြတာကိုပဲ ကြိတ်ပြီး ကျေးဇူးတင်နေရအုံးမှာပါလေ…။
သြော်… အဖန်ငါးရာငါးကမ္ဘာဆုံးရင်တော့.. ဒီမိုကရေစီ ရကောင်းပါရဲ့။
(ကမ္ဘာ့ မိမိကိုယ်ကိုလုပ်ကြံမှုများ ကာကွယ်တားဆီးရေးနေ့မှာ မြန်မာ့တော်ဝင် နိုင်ငံရေးသမားကြီးများ တော်လှန်ရေး သမားများ၊ ပြုပြင်ပြောင်းလဲရေးသမားများအားလုံး ကိုယ့်ကိုယ်ကို လုပ်ကြံမှုက ကင်းကွာပြီး၊ သက်တော်ရာကျော် ရှည် ကြပါစေ)

No comments:

Post a Comment