Tuesday, October 9, 2012

ဆေးတက္ကသိုလ် ကျောင်းသား ကားဖြင့် တိုက်ခံရ


ရန်ကုန်၊ အောက်တိုဘာ ၃
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အင်းလျားလိတ် ဟိုတယ်ဝင်းအတွင်းရှိ ဒီဂျေဘားတွင် ယမန်နေ့ည သန်းခေါင် အချိန်မှာ လူငယ်များ အချင်းများရာမှ ကားဖြင့် တိုက်သည့်အတွက် မောင်ဝေအောင် အမည်ရှိ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်   ကျောင်းသား မှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် ကုသဆောင် တွင် ဆေးကုသမှု ခံယူလျက် ရှိသည်။
ဖြစ်ပွားပုံမှာ ဒီဂျေဘားတွင် လူငယ်များအချင်းများကြပြီး အဆိုပါ ဆေးကျောင်းသား မောင်ဝေအောင် နှင့် သူငယ်ချင်း များ ပြန်ထွက်လာစဉ် လူငယ်တစ်ဦးမှာ လန်ခရူဆာ မော်တော်ကားဖြင့် လိုက်လံတိုက် သဖြင့် ရှောင်တိမ်းသော် လည်း မောင်ဝေအောင်ကို ဝင်ရောက်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆေးတက္ကသိုလ် ကျောင်းသား မောင်ဝေအောင်၏ ဦးလေးဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသား ကိုဌေးကြွယ်က “ဒီဖြစ်စဉ်က ရမ်းကားမှု တစ်ခုပဲ။ သူ့လက်ထဲမှာ သေနတ် ရှိနေရင် သေနတ်နဲ့ ပစ်မှာပဲ။ မြန်မာပြည်မှာ ဥပဒေစိုးမိုးမှု ရှိအောင် လုပ်ကြမယ် ဆိုရင် ဒီလိုကိစ္စမျိုးတွေကို တိတိကျကျ ကိုင်တွယ်ကြ ရလိမ့်မယ်” ဟု ဆိုသည်။ အလားတူ ဦးလေး တစ်ဦးဖြစ်သူ လှည်းကူး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြိုးမင်းသိန်းက “ဒီလူငယ်လေးက ဒါမျိုးဖြစ်တာ ဒါပထမအကြိမ် မဟုတ်ဘူး။ သူ့မိဘ အဝန်းအဝိုင်းက အကာ အကွယ် ပေးကြတယ်။ နောက်ကြရင် ဒီထက် ပိုဆိုးသွားလိမ့်မယ်။ ဒီကလေးကို ဥပဒေ ဆိုတာ ဘာလဲ၊ ဥပဒေ ဘာကြောင့် လိုက်နာဖို့ လိုအပ်သလဲ ဆိုတာသိအောင် လုပ်ဖို့က သူ့မိဘနဲ့ အဝန်းအဝိုင်းမှာလည်း တာဝန်ရှိတယ်”ဟု ဆိုပါသည်။
အဆိုပါကျောင်းသား မောင်ဝေအောင်မှာ ဦးခေါင်းနှင့် မျက်နှာတို့တွင် ကားတိုက်ခံရသော ဒဏ်ရာများ ရရှိထားပြီး ညာဘက် ညှပ်ရိုး ကျိုးသွားကြောင်း သိရသည်။ ဦးနှောက်နှင့် အာရုံကြောဌာန ရန်ကုန် ဆေးရုံကြီးတွင် ကုသလျက် ရှိသည်။

No comments:

Post a Comment