Monday, October 15, 2012

ဆင်သွားတိုင်း လမ်းမဖြစ်ခဲ့သော် …

ဆင်သွားတိုင်း လမ်းမဖြစ်ခဲ့သော် …
ဒေါက်တာလွဏ်းဆွေ

အခုဆိုရင် ကြံ့ဖွံ့စစ်အုပ်စု (ဦးသိန်းစိန်ရုပ်သေးအစိုးရ+ကာလုံ) ရဲ့ ထိုးခွဲမှုတွေက ဘယ်လောက်အထိ ခရီးပေါက်နေပြီလဲဆိုရင် ...

(၁) “နောက်ပြန်လှည့်မှာ စိုးရတယ်” ... ဆိုတဲ့ အကြောင်းပြချက်အောက်မှာ ပြားပြားမှောက်နေတဲ့ အထင်ကရ အတိုက်အခံခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုစားပွဲဝိုင်းကို ကြံ့ဖွံ့စစ်အုပ်စုခေါင်းဆောင်တွေ မဖြစ်မနေ ရောက်လာဖို့ လိုအပ်တဲ့ တိုက်ပွဲတွေ (မြစ်ဆုံတို့၊ မီးကိစ္စတို့လို တိုက်ပွဲပုံစံတွေ) နဲ့ ဆက်တိုက်ရဦးမယ်လို့ ယုံကြည်နေတဲ့ နောက်လိုက်တွေကြား သိသိသာသာ သဘောထားတွေ ကွဲနေပါပြီ။ ပြောရရင် ကြံ့ဖွံ့စစ်အုပ်စုက နောက်ပြန်လှည့်လိုက်မယ်ဆိုတဲ့ ‘သပ်’ ကြီးကြီးတချောင်းနဲ့ ဒီမိုကရေစီအင်အားစု ရထားတွဲကြီးရဲ့ ခေါင်းတွဲနဲ့ ကိုယ်ထည်ကို သီးခြားစီဖြစ်အောင် ခွဲထုတ်နေသည်ပေါ့။ အဲဒီလို နောက်ပြန်လှည့်မှာစိုးတဲ့ စိုးရိမ်ချက်ကြောင့်ပဲ ကြံ့ဖွံ့စစ်အုပ်စုနဲ့ ထိပ်တိုက်တွေ့ရနိုင်တဲ့ ဆန္ဒပြပွဲ၊ တောင်းပွဲ၊ တိုက်ပွဲ၊ ဆန္ဒဖော်ထုတ်ပွဲတွေဆို အထင်ကရ ခေါင်းဆောင်တွေ ရောက်မလာတတ်ကြဘဲ အကြောင်းပြချက်မျိုးစုံနဲ့ သက်တောင့်သက်သာဇုန် (Comfort Zone) ထဲကသာ အသံတိတ် နားစွင့်နေတတ်ကြတာကို သတိထားမိကြမှာပါ။ လက်ပံတောင်းတောင်ဆန္ဒပြပွဲ အရှိန်မြင့်နေစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ နောက်ကျမှ လာရောက်ဖြေရှင်းခဲ့တာ ရှိသော်ငြား နစ်နာတဲ့ တောင်သူတွေရဲ့ တောင်းဆိုချက်တွေ မပြည့်ဝဘဲ အီလည်လည် ဇာတ်သိမ်းခဲ့ရတာမျိုးကလည်း သတိတရ ရှိစရာပါ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ စေတနာကို အသိအမှတ်မပြုလို့ ပြောခြင်းမဟုတ်ပါ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ နောက်ပြန်လှည့်မှာ အစိုးရိမ်ကြီးနေတဲ့ စိတ်နဲ့ ဖြေရှင်းမှုပုံစံကို သတိရမိလို့ ပြောခြင်းဖြစ်ပါတယ်။

(၂) ကြံ့ဖွံ့စစ်အုပ်စုဟာ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်တွင်းဒီမိုကရေစီအင်အားစုတွေကြားကိုလည်း စိတ်ဝမ်းကွဲအောင် နည်းအမျိုးမျိုးနဲ့ ထိုးခွဲနေတာ မြင်တတ်သူတွေ မြင်ကြမယ်ထင်ပါတယ်။ အခုဆို ပြည်ပရောက်တွေ နေရာယူဖို့ ဖျာခင်းဖို့ ပြန်လာကြပြီတို့၊ ပြည်ပရောက်တွေ တို့မီးရှို့မီး မလုပ်ကြနဲ့တို့ ... ဆိုတဲ့ အသံတွေ ညံစီနေတယ်။ တကယ်ဆိုရင် ပြည်တွင်းက အထင်ကရ ခေါင်းဆောင်တွေ အခုလို အထင်ကရ ဖြစ်လာအောင် (သူတို့ကိုယ်တိုင်ရဲ့ ပေးဆပ်မှုတွေ ကြီးမားကြသလို) ပြည်တွင်းမှာ အမှောင်ကျပြီး လှုပ်မရတဲ့ အချိန်ကာလတွေတုန်းက ပြည်ပရောက်တွေ ငွေကုန် သံပြာ ဖင်လိပ်ခေါင်းထွက်အောင် အော်ခဲ့ကြလို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ကျယ်ကျယ်လောင်လောင် ကြားခွင့် သိခွင့်ရခဲ့တယ်ဆိုတာကို သိတတ်သူတွေ သိတတ်နားလည်နိုင်ကြမယ် ထင်ပါတယ်။ ပြည်ပရောက်တွေထဲမှာလည်း ခေါင်းစဉ်အမျိုးမျိုးပြပြီး လုပ်စားခဲ့သူတွေ၊ လုပ်စားနေသူတွေ ရှိခဲ့ ရှိနေလင့်ကစား ငွေကုန် သံပြာ ဖင်လိပ်ခေါင်းထွက်အောင် အော်ခဲ့ကြသူတွေအားလုံး လုပ်စားတွေ မဟုတ်ဘူးဆိုတာကိုတော့ ခွဲခြားသိမြင်တတ်သူတွေ ခွဲခြားသိမြင်နားလည်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

(၃) တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအဖွဲ့တွေအကြား အချိန်ဆွဲတဲ့ နည်းဗျူဟာ၊ စီးပွားရေးမက်လုံးပေးတဲ့ နည်းဗျူဟာတွေနဲ့ ထိုးခွဲရေးကိုလည်း ကြံ့ဖွံ့စစ်အုပ်စုက လုပ်ဆောင်နေပါတယ်။ ဒါဟာ စစ်အုပ်စု တလျှောက်လုံး ကျင့်သုံးလာတဲ့ နည်းဗျူဟာပါ။ အဲဒီနည်းဗျူဟာဟောင်းကိုပဲ ကြံ့ဖွံ့စစ်အုပ်စု ကျင့်သုံးနေမှန်း သိသိကြီးနဲ့ကို အခုဆို အဓိက တိုင်းရင်းသားတော်လှန်ရေးအင်အားစုကြီးတခုဖြစ်တဲ့ KNU (ဗဟို) နဲ့ KNLA (တပ်) အကြား အက်သံတွေ ကြားနေရတာ ၀မ်းနည်းကြေကွဲစရာ …။

ကြံ့ဖွံ့စစ်အုပ်စုက မဖြစ်စလောက် လွတ်လပ်ခွင့်နဲ့ မဖြစ်စလောက် အပြောင်းအလဲတွေ လုပ်ပြနေတဲ့အပေါ်မှာ ခေါင်းဆောင်ပိုင်းနဲ့ နောက်လိုက်တွေအကြား အမြင်တွေ ပိုပိုဟလာပြီး အက်ရာတွေ ပိုပိုကြီးလာတဲ့အပေါ် (ပိုပိုပြီး ထိုးခွဲခံလာရတဲ့အပေါ်) ခေါင်းဆောင်ပိုင်းတွေအနေနဲ့ (ဆင်သွားရင် လမ်းဖြစ်မယ်၊ အသံတိတ် လိုက်သာလိုက်ခဲ့ကြ ဆိုတဲ့သဘောမျိုး မဟုတ်ဘဲ) သေသေချာချာ ပြန်လည်သုံးသပ် အဖြေရှာသင့်ပြီး မှန်ကန်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်ကနေ ဦးဆောင်မှုပေးကြဖို့ လိုပြီလို့ ထင်ပါတယ်။ မဟုတ်ရင်တော့ နှစ်ပေါင်း ၅၀ ကျော် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ ဘ၀တွေ၊ အသက် သွေး ချွေးတွေနဲ့ ရင်းနှီးပေးဆပ်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုဟာ (တချိန်က သတင်းမီဒီယာတွေမှာ ထင်ရှားခဲ့တဲ့ ကမ္ဘောဒီးယားက အတိုက်အခံလောကသားတွေ အာဏာရှင် ဟွန်ဆန်ရဲ့ နှိပ်ကွပ်ထိုးခွဲမှုအောက်မှာ မှေးမှိန်ပျောက်ကွယ်ကုန်ကြသလိုမျိုး) ရေစုန်မျောသွားမှာ စိုးရိမ်ရပါတယ်။

ဆင်သွားရင် လမ်းဖြစ်တာမျိုး ရှိပေမယ့် လမ်းမဖြစ်ဘဲ ဗွက်တွေ ထပြီး နောက်လိုက်တွေ ဆက်လျှောက်လို့ မရတဲ့ ကမောက်ကမအဖြစ်မျိုးနဲ့လည်း တိုးမှာ စိုးရလို့ တကူးတက အကြံပြုရခြင်းဖြစ်ပါတယ်။ အချိန်မီပါသေးတယ်။

No comments:

Post a Comment